လွိုင်ကော် အောက်တိုဘာ ၂၀
လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လွိုင်ကော်မြို့နယ်အတွင်း သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (HPV)စတင်ထည့်သွင်းထိုးနှံပေးခြင်းနှင့် ပတ်သက်၍အသိပညာပေး ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူက အဖွင့်အမှာစကား ပြောကြားပြီး လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းနေဝင်း က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်း နှင့်ကုသခြင်းဆိုင်ရာ အကြောင်းအရာများ၊ သားအိမ်ခေါင်းကင်ဆာနှင့််ပတ်သက်သည့် အချက်အလက်များ၊ သားအိမ် ခေါင်းကင်ဆာဖြစ်ပွားခြင်း၏ ရောဂါလက္ခဏာများ၊ အိတ်ချ်ပီဗီကာကွယ်ဆေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည် ။
ဆက်လက်ပြီး တက်ရောက်လာကြသူများက အိတ်ချ်ပီဗီကာကွယ်ဆေးနှင့်ပတ်သက်သည့် သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးရာ မြို့နယ်ဆရာဝန်နှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရ သည်။
ထို့နောက် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့သည်။ လွိုင်ကော်မြို့နယ်အတွင်းအောက်တို ဘာလ(၂၁)ရက်နေ့မှ စတင်ကာ ရပ်ကွက်ကျေးရွာများရှိ ကျေးလက်ဆေးပေးခန်းများ ၊ အုပ်ချုပ်ရေးမှူးရုံးများတို့တွင်ထိုးနှံ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အောင်ထွန်းလေး (ပြန်/ဆက်)