ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများ အထွက်နှုန်းသိရှိစေရေး  စံကွက်ရိတ်သိမ်းခြင်းများဆောင်ရွက်

​ဖြူး အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးနှင့်မိုးစပါးများအထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာတန်းရှည်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ၊ တောင်သူဦးကျော်ဌေး၏ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း(၅)ဧကတွင် တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစိုပျှမ်းမျှ(၁၃၈.၃၃)တင်း ထွက်ရှိကြောင်းသိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဉက္ကဋ္ဌဦးစောမင်းသူ၊ အဖွဲ့ဝင်များဖြစ်ကြသည့် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွာတန်းရှည်ကျေးအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများသည် (၆.၆)ပေပတ်လည်အကွက်အား စံကွက်အဖြစ်ရိတ်သိမ်းခဲ့ကြသည်။ ဖြူးမြို့နယ်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးဧကပေါင်း(၁၅၀၈၂၆)ဧက လျာထားစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)