နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နတ်တလင်း  အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်အပူဇော်ခံ ပွဲကျင်းပနိုင်ရေး၊ ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန်ကျင်းပနိုင်ရေး၊ သီးထပ်စိုက်စွမ်းအားတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းတိုးတက်မြင့်မာရေး၊ စိုက်ပျိုးနည်းစနစ်တကျစိုက်ပျိုးရေး၊ အသားဖူလုံမှုပြည့်မီရေးတို့ကိုဆွေးနွေးပြောကြားသည်။

ထို့နောက်ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)