ပေါင်းတည် အောက်တိုဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်လျင်စပါးများ ရိတ်သိမ်းပြီးနောက် တောင်သူများသည် ပဲတောင့်ရှည်များကို တိုင်ထောင်၍ စတင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ရှင်သန်ကြီးထွားအောင်မြင်လျက်ရှိသည်။
စက်တင်ဘာလအတွင်း ကောက်စောစပါးများရိတ်သိမ်းပြီး နောက်ပိုင်းတောင်သူများသည် အစိုဓာတ်ရှိနေသေးသော စိုက်ပျိုးမြေတွင် သဘာဝမြေသြဇာများ ပြန်လည်ဖြည့်တင်းကာ ဟင်းသီးဟင်းရွက်နှင့်ပဲမျိုးစုံ ဆက်လက်ထွန်ယက်စိုက်ပျိုးလျက်ရှိရာ ယခုအခါ တောင်ဘို့လှကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာအနေဖြင့် ပဲတောင့်ရှည်စိုက်ခင်း ၁၀ဧကခန့် စိုက်ပျိုးပြီးစီးနေကြောင်း၊ စိုက်ပျိုးရာတွင်လည်း အယ်နီညိုဖြစ်စဉ်နှင့် ရာသီဥတုဖောက်ပြန်နေမှုကြောင့် အထူးဂရုတစိုက် ကြည့်ရှုစောင့်ရှောက်နေရကြောင်း တောင်သူဦးမြင့်အောင်ထံမှ သိရသည်။
ဒေသတွင်း၌ တောင်ဘို့လှ၊ ကြူတောကန်၊ နတ်ပုတီး၊ မြေနံ့သာ၊ ပျဉ်ပုံနှင့်ဘိုးသာအောင် ကုန်းကျေးရွာအုပ်စုများတွင် နှစ်စဉ်ဆောင်းသီးနှံပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလေ့ရှိကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သူရကြီး (ပြန်/ဆက်)