ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ဧက ၅၀၀ ကျော် စိုက်ပျိုးမည်

ကျွန်းလှ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ၌ ဟင်းသီးဟင်းရွက် ဧက ၅၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးဖို့ ၅၇၄ ဧကလျာထားပါတယ်။ တောင်သူတွေ စိုက်ပျိုးရာမှာ GAP နည်းစနစ်နဲ့ စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံများရရှိရေး အသိပညာပေး လျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းပြီး ဓာတုကင်းလွတ် သီးနှံရရှိရေး အတွက် သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းများအား အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက်သီးနှံများကို ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေ တင်စနစ်ဖြင့် ပန်းမုံလာ၊ ကန့်လန့်၊ ခရမ်းချဉ်၊ ရုံးပတီ၊ မုံလာထုတ်၊ ခရမ်း၊ နံနံ၊ ငရုတ်၊ ခဝဲ၊ မုံ့ညှင်း စသည့်သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ