မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စကုမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၃)ထပ်ဆောင်သစ် ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မင်းဘူး စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း၌ ဆောက်လုပ်လျက်ရှိသော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၃)ထပ်ဆောင် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စက်တင်ဘာ ၉ ရက်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့်တာဝန်ရှိသူများသည် စကုမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (၃)ထပ်ဆောင် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိပြီး အဆောက်အအုံ ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးကာ အရည် အသွေးပြည့်မီစွာ ဆောက်လုပ်ရေးကို ဖြည့်စွက်မှာကြားပြီးနောက် အဆိုပါကျောင်း၌ ကျောင်းသား/ ကျောင်းသူပေါင်း (၁၁၀)ဦးမှ ဘာသာရပ်အလိုက် တက်ရောက်ပညာသင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

စကုမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (အ.ထ.က - စကု) အရွယ်အစားမှာ (၁၇၄ ပေ x ၃၂ ပေ)ရှိပြီး၊ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ၈၁၅ ဒဿမ ၆၃၁ ကျပ်သန်းဖြင့် Hard Body ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစတင်ကာ တာဝန်ယူဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် တာဝန်ရှိသူများသည် မင်းဘူး (စကု)မြို့နယ်၊ ရေပုတ်ကျေးရွာ ကွင်းအမှတ် ၁၂၃၇(က)သို့ သွားရောက်၍ ဒေသခံတောင်သူ ဦးပန်းလှိုင် (အပါဝင်) ၄ ဦးမှ စိုက်ပျိုးဆောင်ရွက်ထားသော မိုးစပါး RS to CS မျိုးသန့်ပွား ဆင်းသုခ စပါးစိုက်ခင်း ၁၀ ဧကသို့ရောက်ရှိပြီး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းမှ မြို့နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေပုတ်၊ ဇရပ်ကြီး၊ အလံပယ်နှင့် ကံသာကျေးရွာများမှ ဒေသခံတောင်သူ (၆၁)ဦးနှင့်တွေ့ဆုံ၍ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တွေ့ဆုံအမှာ စကားပြောကြားပြီး၊ ဒေသခံများမှ စိုက်ပျိုးရေရရှိရေး၊ စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေ ဩဇာခွဲတမ်းများ ပိုမိုရရှိရေး၊ လယ်ယာမြေ ပိုင်ဆိုင်ခွင့် ပုံစံ(၇)များရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်းဆောင်သစ်များ တိုးချဲ့ ဆောက်လုပ်ပေးနိုင်ရေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင် ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဒေသခံတောင်သူများအတွက် သီးနှံရွက်ဖြန်းအားတိုးဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)