မုံရွာမြို့၌ Women Club စာဖတ်ဝိုင်း ပြုလုပ်

မုံရွာ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Women Clubနှင့်‌ ခရိုင်ရုံးဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ‌ မောင်ခင်မင်(ဓနုဖြူ)၏ "အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ‌ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်နုနုဆွေက အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှု ရရှိလာနိုင်ပုံများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရာ Women Club အသင်းဝင်များ၊ စာပေဝါသနာရှင်များက သုတစာပေကတော့ ဦးနှောက်အရည်အသွေးကို မြင့်မား၍ ထက်မြက်ပြီး အချက်ကျကျ တွေးခေါ်တတ်ဖို့ အထောက်အကူရရှိနိုင်ကြောင်း၊ မိမိကိုယ်တိုင် အကောင်းအဆိုး၊ အတော်အညံ့၊ အကျိုးပြုတာနဲ့မပြုတာ၊ မှန်ကန်တာနဲ့ လှည့်စားလိမ်ညာဖုံးကွယ်တာကို ခွဲခြားရွေးချယ်ဖတ်ရှုပါက မည်သူမဆို တစ်နေ့ထက်တစ်နေ့ အရည်အသွေးများ တိုးတက်လာမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးကြသည်။

ထို့နောက် တက်‌‌ရောက်လာကြသူများက အမျိုးသမီးများအနေဖြင့် ယဥ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းတတ်စေရန်၊ မိဘဆရာသမားများကို ရိုသေတတ်စေရန်နှင့် ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချောစေရေး အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ သီလကိုယ်ကျင့်တရား၏တန်ဖိုးကို စာပေဖတ်ရှုသူများသာ လေးလေးနက်နက် သဘောပေါက် နားလည်မည်ဖြစ်ကြောင်း အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)