ပုသိမ် အောက်တိုဘာ ၁၀
လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှုပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းက ဦးဆောင်၍ ကျောင်းသား/သူ(၄)ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ကျန်းမာရေးစသည့် အကြောင်းအရာ များအား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက အပြန်အလှန်ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ စကားဝိုင်းအပြီးတွင် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတစာအုပ်များအား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့သည်။ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်ဟန် (ပြန်/ဆက်)