ပခုက္ကူ အေက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး ၊ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီအချိန်က လူငယ်ရေးရာနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက“ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေး၊ မိဘနှင့်သား၊သမီးအကြား၊ဆရာနှင့်တပည့်အကြား ထားရှိရမည့် ဂါရဝတရားများ၊ လူငယ်များလိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ငါးဖြာ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊မျိုးချစ်စိတ်ဓာတ်နှင့်ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်း”တို့ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က “မုန်တိုင်းအန္တရာယ်၊ မီးဘေးအန္တရာယ်၊ငလျင်ဘေးအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ ရေဘေးအန္တရာယ်စသည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်မှု၊ ရှောင်ရန်ဆောင်ရန်အချက်များ”အကြောင်း ကိုလည်း ကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန္ဒာအောင်က “ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ရုပ်ပိုင်း၊စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း”အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြောကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပလတ်စတစ် သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဆေးဝါးအန္တရာယ်နှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)