ဖောင်းပြင်မြို့ အမက(၂) မူလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဖောင်းပြင် အောက်တိုဘာ ၁၀

ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိရေးနှင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အမက(၂)မူလွန်ကျောင်း တွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်တူးတူးမာက အဖွင့်အမှာ စကားပြော ကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်ဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆရာ/ဆရာမများနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်သား/ ကျောင်းသူ များက ပြန်လည် ဆွေးနွေးဖြေကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားကာ ဦးဆောင်ဆွေးနွေး သည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုသည့်အနေဖြင့် အမှတ်တရပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)