ဖျာပုံမြို့နယ် ပုလဲ အ.လ.က(ခွဲ)ကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်

ဖျာပုံ အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ နယ်၊ပုလဲကျေးရွာ၊ ပုလဲ အ.လ.က (ခွဲ)ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ် မာမာလွင်က "စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရရှိစေသောစာပေများကို လေ့လာဖို့လိုကြောင်း၊ လူကုန်းကူးမှုဆိုင်ရာများနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ" အကြောင်း အသိပညာပေးဟောပြောပြီး၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်နှင်းနန္ဒာဦးက "အားကစားနှင့် အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း အသိပညာပေးပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)