နတ်မောက်မြို့နယ်တွင် ငရုတ်သီးခြောက် စျေးကောင်းရရန် မျှော်လင့်   

နတ်မောက် အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ငရုတ်စိုက်တောင်သူများမှာ ငရုတ်သီးခြောက် စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ငရုတ်စိုက်တောင်သူ မသန်းဝေထံကသိရသည်။

“ကျွန်မတို့အနေကတော့ ငရုတ်ကိုနှစ်စဉ်စိုက်ပျိုးပါတယ်၊ ငရုတ်စိုက်မယ်ဆိုရင် သင်္ကြန်အပြီး နှစ်ဆန်း (၁)ရက် (၂)ရက်နေ့တွေဆိုရင် ပျိုးထောင်ရပါတယ်၊ ပျိုးသက် (၄၅)ရက်သားလောက်နဲ့ စိုက်လို့ရပါတယ်၊ စိုက်ပျိုးချိန်ကတော့ မိုးရေရရှိမှုအပေါ်မှာ မူတည်ပြီး စိုက်ရပါတယ်၊  ငရုတ်ကို ယာထဲချစိုက်မယ်ဆိုရင် မြေပြုပြင်ပြီး ကျင်းတူးရပါတယ်၊ ကျင်းထဲမှာ သဘာ၀နွားချေး၊ မြေဩဇာအညိုထည့်၍ ရေထည့်ပြီးမှ ငရုတ်စိုက်ရပါတယ်၊ စိုက်ပျိုးရာမှာ တစ်ပင်နှင့်တစ်ပင် နှစ်တောင်ထွာထားပြီး စိုက်ပျိုးရပါတယ်။ အဲဒီလိုစိုက်ပြီးရင် ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေဩဇာထည့်ခြင်း လုပ်ငန်းများဆောင်ရွက်ရပါတယ်၊ တစ်လခွဲအရွယ်မှာဆိုရင် ငရုတ်များ အပွင့်ပွင့်ပြီး အသီးများ စသီးပါတယ်၊ ပထမဆုံးအသီးများကို အခြောက်မလှမ်းဘဲ ငရုတ်သီးအစိုအဖြစ် စျေးကွက်ကို တင်ပို့ရောင်းချပါတယ်၊ သီတင်းကျွတ် နောက်ပိုင်းမှာဆိုရင်တော့ ငရုတ်ကို အခြောက်လှမ်းပြီး ရောင်းချပါတယ်၊ အရင်နှစ်က  ငရုတ်ဈေးကွက်အနေနဲ့ ငရုတ်အစိုတစ်ပိဿာကို  (၄၈၀၀)ကျပ်နဲ့ ရောင်းချရပြီး ယခုနှစ်ဆိုရင် (၁၂၀၀)ဘဲ ရောင်းချရပါတယ်၊ ဒါကြောင့် ငရုတ်အစိုကို ခူးယူ ရောင်းချခြင်း မပြုတော့ဘဲ အခြောက်လှန်းပြီး သိုလှောင်ထားပါတယ်၊ ငရုတ်အခြောက်များ  ဈေးကောင်းရရန် မျှော်လင့်နေကြောင်း” ငရုတ်စိုက်တောင်သူ မမာမာအေးက ပြောသည်။

မူမူစန်း