မော်လမြိုင်ကျွန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ရောဂါကာကွယ်ဆေး စတင်ထိုးနှံရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင်ကျွန်း   အောက်တိုဘာ   ၂၀

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေး ထိုး/တိုက် အစီအစဉ်တွင်(Human Papillomavirus (HPV) vaccine Introduction) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထည့်သွင်းနိုင်ရေးအတွက် အသက် ၉ နှစ်နှင့် အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးငယ်များအား ကာကွယ်ဆေးထိုးနှံရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင် (၅၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်း ဗီဒီယိုအား ပြသခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မှ ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းနှင့်ပတ်သက်၍ (HPV) ပိုးသည် မျိုးပွားလမ်းကြောင်းတွင် အဓိက ကူးစက်တတ်သော ရောဂါပိုးဖြစ်၍ အမျိုးအစား(၁၀၀)ကျော်ရှိပြီး ၎င်းတို့အနက်(၁၄) မျိုးသည် အန္တရာယ်များသော ဗိုင်းရပ်စ်ပိုးများဖြစ်ကြောင်း သားအိမ်ခေါင်း ကင်ဆာ အများစုသည် အန္တရာယ်များသော (HPV) ပိုးနှင့် ဆက်နွှယ်မှုရှိကြောင်း ရှင်းလင်းထားသော ဗီဒီယိုပြသခြင်းအစီအ စဉ်များဆောင်ရွက်ခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ရောဂါကာကွယ်ဆေးအား ၁၂ လခြားကာ၂ ကြိမ်ထိုးနှံရမည် ဖြစ်ကာ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် မိန်းကလေးငယ်များ အားလုံးကို  ထိုးနှံပေးမည်ဖြစ်ကြောင်း သိရပြီး အခမ်းအနားသို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ်ကုတင် (၁၀၀)ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ ဆွေးနွေပွဲသို့တက်‌ ရောက်ခဲ့သော ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များအား‌ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)