ကလေး အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲကို အမှတ်( ၈ )အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဗဟုသုတများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သော အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)