ပဲခူး အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ဇလပ်ထော်ရေလှောင်တမံ Spill Way ရေကျော်ပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇလပ်ထော်တမံအတွင်း မိုးရေဝင်ရောက်မှုများပြားခဲ့သဖြင့် ရေပိုလွှဲ (Spill Way) ရေကျော်ခဲ့ပြီး မြေသားဘေးဘောင်များ တစ်ဘက်လျှင်ပေ(၂၅)ခန့် ရေတိုက်စားပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပိုလွှဲဘောင်များ ထပ်မံတိုက်စားပျက်စီးမှုမရှိစေရေးနှင့် ရေတိုက်စားမှု ရေအားအရှိန်လျော့ချနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရေး သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်းအပေါ် ရေကျော်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေအန္တရာယ်ရှိသောနေရာများတွင် လမ်းညွှန်အမှတ်အသားများ တပ်ဆင်ရန်၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းများ ပူးတွဲထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝင်း၌ မြို့နယ်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး စက်တပ်ရေယာဉ်များ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ရပ်ကွက်/ကျေးရွာများသို့ ချက်ခြင်းဖြန့်ခွဲဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ လိုအပ်သည့် စက်သုံးဆီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)