ငဖဲ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ပဲစဉ်းငုံသီးနှံစိုက်ပျိုးရန် ၁၇၇၅ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ ၂၁၆၁ ဧက စိုက်ပျိုးပြီးစီးနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ၍ လျာထားချက်ထက် ၃၈၆ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပဲစဉ်းငုံကို နှမ်းနှင့်အတူ ရောနှော၍ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး အခြားသီးနှံများထက် စိုက်ပျိုးမှုကုန်ကျစရိတ် သက်သာသည့်အပြင် သီးညှပ်အဖြစ်စိုက်ပျိုးသည့် နှမ်းကို အရင်ရိတ်သိမ်းရပြီး ပဲစဉ်းငုံသီးနှံကို နောက်ကျမှ ရိတ်သိမ်းရသည့်အတွက် သီးနှံနှစ်မျိုးလုံး ဝင်ငွေရရှိကြောင်း၊ ပဲစဉ်းငုံစိုက်ပျိုးသည့်ယာမြေတွင် ၃ နှစ်ခန့်သာ စိုက်ပျိုးရပြီး နောက်နှစ်များတွင် အခြားသီးနှံကို တစ်လှည့် စိုက်ပျိုးရကြောင်း၊ ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မိုးကောင်းစွာရွာသွန်းခဲ့သည့်အတွက် အပင်ဖြစ်ထွန်းအောင်မြင်ပြီး မိုးကောင်းပါက ပဲစဉ်းငုံအထွက်နှုန်းပိုကောင်းကြောင်း၊ ယခင်နှစ်က ပဲစဉ်းငုံသီးနှံ တစ်ဧကလျှင် ၁၄ တင်းခန့်ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ် ငါးသောင်းခန့် ရောင်းချရကြောင်းနှင့် ယခုနှစ်တွင် ပဲဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း မာန်အောင်ကျေးရွာမှ ပဲစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ငဖဲမြို့နယ်၌ မိုးရာသီ ပဲစဉ်းငုံသီးနှံကို ပင်ဦး၊ ပေါင်းကလေး၊ ဆင်ချည်တိုင်၊ ပဒါန်း၊ ရင့်ရှည်၊ သာယာကုန်း၊ ရင်းရှည်၊ စည်သာ၊ မာန်အောင်၊ ဆူးပဒေါင်း၊မြစ်ဖျား နှင့် ရှောက်တောင်ကျေးရွာ အုပ်စုများတွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
မယု(ငဖဲ)