ကျိုက်လတ်မြို့နယ် အခြေခံပညာမူလတန်းကျောင်း (ကျီးချောင်း-၃) ၌ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျိုက်လတ် အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကို ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း (ကျီးချောင်း-၃)၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း၊ စာဖတ်ခြင်း ၏ အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုး များနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးတင်စိန်က စားသောက်ကုန်များနှင့် ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်မြတ်နိုးသူက အားကစားနှင့်လေ့ကျင့်ခန်း၏ အဓိပ္ပာယ်၊ ကာယပညာ၊ လေ့ကျင့်ခန်းများအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။ ထို့နောက် "လူကုန်ကူးမှုအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အကြောင်း သိကောင်းစရာ" အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ "အသိပညာပေး ဟောပြောပွဲ" သို့ အခြေခံပညာမူလတန်းကျောင်း (ကျီးချောင်း-၃)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာနည်မော်၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

ကျိုက်လတ်(ပြန်/ဆက်)