အိမ်မဲ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ အ.မ.က ကျုံခရီပိုင်းကျောင်းနှင့် အ.မ.က လေးအိမ်တန်း ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ စာဖတ်ဝိုင်းများနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ.မ.က ကျုံခရီပိုင်းကျောင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ကျောင်းသား/သူ၊ လူငယ်၊ လူရွယ်များအား အသိပညာဗဟုသုတ ရရှိစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် စာဖတ်ခြင်း စသည့်ခေါင်းစဥ် တို့ဖြင့် အကျယ်တဝင့် ဟောပြောပေးခဲ့ပြီး အဆိုပါ ကျောင်းအတွက် စာအုပ်စာစောင်များကို လှူဒါန်းပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသား/သူများကို စာဖတ်ဝိုင်းများ ပြုလုပ် ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေ နံရံကပ်စာစောင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာ ပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ဆရာ/မများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ နှင့် ဝန်ထမ်းများက အ.မ.က လေးအိမ်တန်း ကျောင်းတွင်လည်း ဟောပြောပွဲနှင့် စာဖတ်ဝိုင်းများ ပြုလုပ်ကာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။ ထိုကဲ့သို့ အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းများနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းကြောင်း ကျောင်းသား၊ ကျောင်းသူ လူငယ် များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး လိမ္မာရေးခြားရှိလာမည်ဖြစ်ကြောင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်။
ချစ်သက်လယ်(အိမ်မဲ)