မြို့သစ်မြို့နယ် လဲလူကျေးရွာတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မြို့သစ် အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် မြို့သစ်မြို့နယ်၊ လဲလူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ယမန်နေ့နေ့လည်ပိုင်းက သွားရောက်ကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဘိုဘိုအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လဲလူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) G–10မှ မောင်အာကာမိုးမြင့်က "လူငယ်နှင့်ကျန်းမာရေး"အကြောင်း၊ G–10 မှမောင် အောင်ထွေးသိန်းက "လူငယ်နှင့်ကြီးပွားရေးအကြောင်း၊ G-11မှ မဖြူဖြူအောင်က လူငယ်နှင့် စာ ဖတ်ခြင်းအကြောင်း၊ G-11မှ မနွယ်နီကြည်က လူငယ်နှင့်အောင်မြင်ခြင်းအကြောင်း၊ G-11မှ မတင်တင်မွှေးက လူငယ်နှင့်ဝါသနာအကြောင်း၊ G-12မှ မောင်ဝင်းမိုးအောင်က လူငယ်နှင့်ကျန်းမာရေးအကြောင်း" စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)