ရွှေတောင် အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ မင်းတဲအခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးစန်းဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်မူးယစ်ဆေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား(၈)ချက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းနှင်းယုမှ ကလေးများ၏သဘောသဘာဝနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်နုနုဖြိုးက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ကိုယ်လက်လှုပ်ရှား အားကစားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လှုပ်ရှား မြန်မာ့သိုင်းအားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် ပြန်/ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင်မှ "ကူညီကြပါအုံး"ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် စာအုပ်စာစောင်များပြသခြင်းနှင့် စာဖတ်စေခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)