ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ အစည်းအဝေးခန်းမ၌ လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် လိမ္မာယဉ်ကျေးပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ပညာရည်ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပညာသင်ယူချိန်အရွယ်၌ ဘဝရည်မှန်းချက်များချမှတ်၍ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး ဆရာ/ဆရာမများ၏ ဆိုဆုံးမမှုများကို အလေးထားလိုက်နာပြီး ကျောင်းတက်မှန်ကန်ရေး မပျက်မကွက် ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆွေဦးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ ခိုက်ရန်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များနှင့် လုပ်ထုံးလုပ်နည်း ဥပဒေ၊ နည်းပဥဒေများအကြောင်းကို အသိပညာပေး  ဆွေးနွေးဟောပြောသည်။ 

ထို့နောက် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးညီညီအောင်က ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်/စည်းကမ်း ကြံ့ခိုင်ကောင်းမွန်ရေး လိုက်နာရမည့် ကျင့်ဝတ်တာဝန်များ၊ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများဖြစ်စေရန် မိဘ/ဆရာများ၏ ပဲ့ပြင်ဆုံးမမှုကို လိုက်နာ၍ ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြိုးစားသင်ယူကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဆွေးနွေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရတာဝန်ရှိသူများ၊ ရွာခိုင်ကျေးရွာ အခြေခံပညာထက်တန်း ကျောင်းခွဲမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးခန့် တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )