ပေါက်ခေါင်းမြို့နယ် အ.မ.က(ရပ်သစ်)နှင့် အ.မ.က(အုန်းရင်း)၌ စာသင်ကျောင်းအခြေပြုစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ပေါက်ခေါင်း      အောက်တိုဘာ      ၁၀  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပေါက်ခေါင်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ရပ်သစ်)နှင့် အ.မ.က(အုန်းရင်း)ကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ကျော်ထွန်းက ဌာန၏လုပ်ငန်းများအား ဦးစွာမိတ်ဆက်ပြောကြားပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင်ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်တော်သည့် အစားအစာများ၊ စတင်ထုတ်လုပ်သည့်ရက်စွဲနှင့်ကုန်ဆုံးမည့်ရက်စွဲမပါရှိသည့် မုန့်ထုတ်များ၊ သတ်မှတ်ရက်လွန်အစားအစာများနှင့်စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်သိရှိရမည့် အခွင့်အရေးများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူအခွင့်အရေးဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)