ပဲခူး အောက်တိုဘာ ၁၀
ပဲခူးမြို့နယ်အတွင်း အောက်တိုဘာလ(၆)ရက်နေ့မှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် အောက်တိုဘာလ(၈)ရက်နေ့ ညနေပိုင်းက ရေတားတာဘောင်များ ရေကျော်မှုဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ချက်ခြင်းတုံ့ပြန်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်ရှိ ပဲခူးမြစ်ရေတားတာပေါင် ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရေးပေါ်သဲအိတ်များချခြင်း၊ မျှောရိုက်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပုဏ္ဏားစုရပ်ကွက်၊ ပဲခူးမြစ်ပန်းလှိုင် ရေတားတာဘောင်ရေကျော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အရေးပေါ် သဲအိတ်များချခြင်းအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပဲခူးမြို့အတွင်း ရေကြီးမှုနှင့်ပတ်သက်၍ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးတို့မှ အနီးကပ်ကြီးကြပ် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)