ထားဝယ် အောက်တိုဘာ ၁၀
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၇)အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က လူငယ်များအချင်းချင်းအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့်ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော်တည်ဆောက်ရန်နှင့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအား နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သောလူငယ်များဖြစ်လာစေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဦးစီးအရာရှိဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ်(၇)အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြသည့် Grade-11 ကျောင်းသူ မသွန်းဝင့်ဝါဦးက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-9 ကျောင်းသူ မအိဖြူဇင်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-8 ကျောင်းသားမောင်သူရအောင်က လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသူမလပြည့်ဝန်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-7 ကျောင်းသားမောင်ဘုန်းမြတ်ဦးက လူငယ်နှင့်စာရိတ္တ၊ Grade-12 ကျောင်းသား မောင်ကောင်းသန့်ကိုက လူငယ်နှင့်ဆိုရှယ်မီဒီယာ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းစုစုမာက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးမင်းဦးက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ဆက်လက်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များအား ပြသခဲ့ကြောင်းနှင့် စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)