ကြံခင်း အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်စု ရပ်ကွက်၊ (အ မ က) ရွှေတောင်စုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ (အ.မ.က) ရွှေတောင်စုကျောင်းအုပ်ဆရာမကြီး ဒေါ်လှကေသီက ကျောင်းသား/ သူများ အသိပညာဗဟုသုတများ တိုးပွားစေဖို့ အသိပညာပေး ဟောပြောခြင်းအား အလေးထား မှတ်သားကြဖို့ ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန (မြို့နယ်တာဝန်ခံ) ဦးကျော်နိုင်ဝင်းက စားသုံး ရန်မသင့်သော အစားအစာများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးကာ မြို့နယ်ဦးစီး အရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ပြီး အသိပညာပေး နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာကြ ကြောင်းနှင့် ဟောပြောပွဲသို့ (အ.မ.က) ရွှေတောင်စုကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူ (၂၅၈)ဦး တက်ရောက် ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)