မကွေး အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မကွေးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဦးစွာ မကွေးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နေစိုးက အဖွင့်အမှာစကားပြောကြားပြီး မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ မကွေးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးက "လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး" စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသခြင်း၊ စာပေဖတ်ရှုနိုင်ရေး သုတ/ရသ စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ပေးရာ တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မကွေးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နေစိုးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင် ငှားရမ်းပြသခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြုလုပ်ပြသခြင်းအစီအစဉ်များကို ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး စဉ်ဆက်မပြတ် စီစဉ်ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)