ပခုက္ကူမြို့နယ်၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

ပခုက္ကူ အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ခုနှစ် အောက်တိုဘာလ၁ရက်နေ့မှ စတင်ပြီး ရပ်ကွက် ကျေးရွာများရှိ ကောက်ကွက်များအလိုက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက သိရသည်။ 

အဆိုပါ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်ချို၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြည် ဦးဆောင်သော ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ သတ်မှတ် ကောက်ကွက်များအလိုက် Mobile Tabletများ အသုံးပြုကာ Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းနှင့် အစုအဖွဲ့ဆိုင်ရာ မေးခွန်းများ မေးမြန်း၍ တစ်အိမ်တက်ဆင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူကြရာ ၂၀၂၃ခုနှစ် အောက်တိုဘာလ၁ရက်မှ ၉ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စုစုပေါင်းလူဦးရေ(၃၉၄)ဦးနှင့် အိမ်ထောင်စု(၁၇၁၀)စုတို့အား ကောက်ယူပြီးစီးခဲ့ကြောင်း၊  မြိုနယ်အတွင်း စမ်းသပ်သန်းခေါင်းစာရင်း ကောက်ယူရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများကိုလည်း  သတ်မှတ်ကာလအတွင်း အမြန်ဆုံးကောက်ယူ ပြီးစီးနိုင်ရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ကောက်ယူရာတွင် ဒေသခံပြည်သူများအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း  အိမ်ထောင်စုဆိုင်ရာ မေးခွန်းအချက်အလက်များကို   ပြည့်စုံမှန်ကန်စွာ ဖြေကြားခြင်းဖြင့် ကူညီပေးကြရန် လိုအပ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူမြို့နယ် ဦးစီးမှူးရုံး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြည်က ပြောသည်။

ဘာမီသာ(ပခုက္ကူ)