မင်းဘူး အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာ သမိုင်းဝင် ရပ်တော်မူဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ရိုးရာလှေပြိုင်ပွဲပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
ရွာသာကျေးရွာရှိ သမိုင်းဝင် ရပ်တော်မူဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်းကား သိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ အနှစ် ၇၀ ကျော်ခဲ့ပြီဖြစ်ပြီး၊ ယခုနှစ်တွင် ဆရာတော်သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲများနှင့် ရိုးရာလှေပြိုင်ပွဲများသာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တော်သလင်းလတွင် ကျင်းပလေ့ရှိပြီး၊ ယခုနှစ်တွင် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှ ၉ ရက်နေ့အထိ လှေပြိုင်ပွဲများကို အသင်း ၁၂ သင်းဖြင့် ပါဝင်ယှဉ်ပြိုင်စေပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ရရှိသည့် အသင်းများကို ဆုများပေးအပ်ချီးမြှင်ကာ ညနေ ၄ နာရီအချိန်တွင် ဆရာတော် သံဃာတော် အပါး ၁၃၀ အား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)