ပွင့်ဖြူ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်အမှာစကား ပြောကြားသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် ကြုံတွေ့ရသည့် လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ပြောလျော့သက်သာစေရန်နှင့် လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငွေကုန်ကြေးကျသက်သာပြီး လုပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်နိုင်သည့် လယ်ယာသုံးစက်ကိရိယာများကို ပြောင်းလဲအသုံးပြု စိုက်ပျိုးလုပ်ကိုင်နိုင်ရန် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ အသုံးပြု၍ သီးနှံများ စိုက်ပျိုးပါက စိုက်နည်းစနစ်မှန်ကန်ခြင်း ၊ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ပြီး တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်း ၊လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေခြင်းနှင့် လုပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းသည့် မြို့နယ်တစ်ခုဖြစ်၍ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် တောင်သူတစ်ဦးချင်းအလိုက် ကြိုးပမ်း စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ သီးနှံများစိုက်ပျိုးရာ၌ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်ပြီး တောင်သူများ လုပ်ငန်းအခက်အခဲမဖြစ်စေရေး သက်ဆိုင်ရာဌာနများမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ် က သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်မှန်းချက်မှာ စက်မှုလယ်ယာစနစ် ပြောင်းလဲကျင့်သုံးရေးဖြစ်ပြီး ထိုသို့ စက်မှုလယ်ယာစနစ် ပြောင်းလဲကျင့်သုံးရာ၌ လုပ်ငန်းတာဝန်(၆)ရပ်ဖြစ်သည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပုဂ္ဂလိကကဏ္ဍနှင့် သမဝါယမ လုပ်ငန်းများတွင် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာစေရန် သက်ဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများ ၊ တောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ၊ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်သော လယ်ယာမြေများနှင့် စိုက်ပျိုးမြေများ တိုးတက်လာစေရန် ၊ လယ်ယာလုပ်ငန်းခွင်မှာ လယ်ယာသုံးစက်ကိရိယာများ တိုးတက်သုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်သွားရန်၊ လယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေး အလုပ်ရုံများကို မြို့နယ်စက်မှုလယ်ယာစခန်းများမှ တိုးချဲ့ဖွင့်လှစ်ပြီး တောင်သူများလယ်ဝယ်ရှိ လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျ ပြုပြင်ပေးနိုင်ရေးနှင့် လိုအပ်သောစက်အရန်ပစ္စည်းများကို အလွယ်တကူရယူနိုင်ရေး ပုဂ္ဂလိကကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ စက်မှုလယ်ယာ အသိပညာ၊ အတတ်ပညာများ လေ့ကျင့်ပညာပေးသွားရန်နှင့် စက်မှုလယ်ယာသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရန်စသည့် ရန်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၊ ယနေ့ဖွင့်လှစ်သင်ကြားပေးသည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းမှာ စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းတာဝန်(၆)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် စက်မှုလယ်ယာအသိပညာ အတတ်ပညာများ လေ့ကျင့်ပေးရေး ရည်ရွယ်ချက်ဖြစ်ပြီး တောင်သူများ၏ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုလယ်ယာစနစ် ဖော်ဆောင်မှုလုပ်ငန်းတွင် တောင်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စသဖြင့် စက်မှုလယ်ယာစနစ်၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက စက်မှုလယ်ယာဦးစီးဌာနမှ ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး သင်တန်းသားများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးစိုးမင်းထွေး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၁၂)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ယင်းသင်တန်းသို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ ၃၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )