ပွင့်ဖြူ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ် သုံးစွဲမှု လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အတွင်း/ အပြင်ရှိ ဈေးရောင်းဈေးဝယ်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက် ၊ အင်ဖက် ၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချ သွားကြရန် ၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှုအခြေအနေများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပလတ်စတစ်ပစ္စည်း လျော့ချနိုင်ရေး အစားထိုး အသုံးပြုနိုင်ရန် ငှက်ပျောဖက် ၊ အင်ဖက် ၊ ကြာဖက် ၊ စက္ကူ တို့ကို အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )