တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

တောင်တွင်းကြီး အောက်တိုဘာ ၁၀

မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း  စက်တင်ဘာလ ၂၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့်  မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့သည့် ရေဘေသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက ရေကြီးရေလျှံမှုကြောင့် မြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းက ရေဘေးသင့်ပြည်သူများအား လတ်တလော စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရခြင်း အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား များကို တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ရေဘေးသင့်ပြည်သူများကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူခဲ့ပြီး ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ရေဘေးသင့်ခဲ့သည့် တောင်ပြင်(၁)၊ တောင်ပြင်(၂)၊ ရွှေအိုး(၁)၊ မောင်တိုင်း(၂)၊ ရွှေကြာအင်း(၁) စသည့်ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူ(၄၅၀)ဦး အတွက် ဆန်(၂၄)ပြည်အိတ် (၃၅)အိတ်၊ ဆီ (၄၂၀)ပိဿာနှင့် ဆား (၂၅၀)ပိဿာ တို့အား ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)