ငဖဲ အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်နေပြည်သူများ လွယ်လင့်တကူ ထင်းသုံးစွဲနိုင်ရန် ရည်ရွယ်၍ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သည့် စိုက်ခင်းအမှတ် (၁/၂၀၁၇)ကျေးရွာသုံးထင်းစိုက်ခင်း (၄၅)ဧကမှ ထွက်ရှိသည့် ထင်းများအား စည်သာကျေးရွာအုပ်စုသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ယူကလစ်၊ ရှားထင်းစိုက်ခင်းမှ စည်သာကျေးရွာနေ ဒေသခံတောင်သူများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ထင်း၊ တိုင်၊ မျောနှင့် သစ်လိုအပ်ချက်တို့အား ဖြည့်ဆည်းပေးနိုင်ပြီး ကျေးလက်နေပြည်သူတို့တွင် သစ်တောသစ်ပင်ကို ချစ်ခင်ထိန်းသိမ်းလိုစိတ်များဖြစ်ပေါ်ကာ သဘာဝသစ်တောများမှလည်း ခုတ်ယူသုံးစွဲမှုများလျော့နည်းလာမည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာသုံးထင်းစိုက်ခင်းရှိ ယူကလစ်နှင့်ရှားပင်များ အပင်သက်တမ်း ၅ နှစ်ကျော်ဆိုရင် ကျေးရွာနေပြည်သူများမှ ထင်းနှင့် အခြားမျောတိုင်လိုအပ်ချက်များကို ခုတ်ယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း ၊မြို့နယ်အတွင်းရှိ ကျေးရွာများတွင်သုံးစွဲရန် ထင်းစိုက်ခင်းများအဖြစ် နှစ်စဉ်စိုက်ပျိုး ပေးလျက်ရှိကြောင်း၊ ထင်းစိုက်ခင်း ၄၅ ဧကအဖြစ် စည်သာကျေးရွာတွင် စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ သစ်တောပြုန်းတီးမှုကြောင့် တွေ့ကြုံရသည့် ရာသီဉတုပြောင်းလဲမှုများ မျှတကောင်းမွန်စေရန်အတွက် ကျေးရွာနေပြည်သူများ နှင့် ပူးပေါင်းကာ တစ်အုပ်တစ်မသစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်းနှင့် ကျေးရွာသုံး ထင်းစိုက်ခင်းများ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိမ်းစိုဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းသိန်းထံမှ သိရသည်။
မယု(ငဖဲ)