ဂန့်ဂေါမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဂန့်ဂေါ အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာဗဟုသုတများရရှိကာ ဗလငါးတန်နှင့်ပြည့်ဝစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကျောတိုက်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ/ဆရာမများ သင်ကြားပို့ချသည့် ကျောင်းစာများကို ကြိုးစားသင်ယူကြရန် လိုကြောင်း၊ ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေမည့် သုတ/ရသစာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုကြဖို့ လိုကြောင်း၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုမှသာ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်ပြီး လမ်းမှားကို မရောက်ရှိမှာ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကာယဗလနှင့်ပြည့်စုံစေရန် အစာအဟာရများကို မျှမျှတတစာသုံး၍ အားကစားကို လေ့လာလိုက်စားရမည် ဖြစ်ကြောင်း၊ ဉာဏဗလတိုးတက်စေရန် ကိုယ့်ထက်တတ်သူ၊ တော်သူများထံ ချဉ်းကပ်၍ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန် သင်ယူကြရမည် ဖြစ်ကြောင်း၊ စာရိတ္တဗလဖြင့် ပြည့်စုံစေရန် ငါးပါးသီလကို စောင့်ထိန်း၍ လောင်းကစား၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးမျာကို ရှောင်ကျဉ်ရမည် ဖြစ်ကြောင်း၊ မိတ္တဗလနှင့်ပြည့်စုံစေရန် မိမိအပေါဆိုးသွမ်း ယုတ်မာသော မိတ်ဆွေအတုအယောင်များကို ရှောင်ဖယ်၍ မိတ်ကောင်း။ ဆွေကောင်းများကိုသာ ရွေးချယ်ဆက်ဆံ ပေါင်းသင်းရမည် ဖြစ်ကြောင်း၊ ဘောဂဗလနှင့်ပြည့်ဝစေရန် မိမိတို့၏ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်အောင် လုံ့လ၊ ဝီရိယ၊ ဇွဲ၊ သတ္တိအပြည့်ဖြင့် ဆောင်ရွက်ကာ အသုံးအဖြုန်းကို လျှော့၍ ခြိုးခြံချွေတာ စုဆောင်းကြရမည် ဖြစ်ကြောင်း စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ ၇၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)