ပေါင်းတည်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ပေါင်းတည် အောက်တိုဘာ ၉  

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့အခြေခံပညာမူလတန်း ၁၁ လမ်းကျောင်းတွင် ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်လာစေရန်၊ ကျောင်းစာအပြင်အသိပညာဗဟုသုတကြွယ်ဝစေရန် သုတရသစာအုပ်များကို ဖတ်ရှုရန်ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သောအစားအသောက်များ၊ စားသုံးသူများသိသင့်သော ဆောင်ရန်ရှောင်ရန်အချက်များကို ဟောပြောပြီးနောက် ကျောင်းအုပ်ဆရာမကြီးဒေါ် စောယုမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ စားသုံးသူရေးရာအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူလေးများက စိတ်ဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)