ချောင်းသာ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြို့အုပ်ချုပ်ရေးအဖွဲ့စီစဥ်မှုဖြင့် ယနေ့နံနက်ပိုင်းက တိုက်နယ်ဆေးရုံကြီးရှေ့တွင် မြို့အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသောက်နိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းစျေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်နှုန်း၊ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်း၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ ကျပ်နှုန်း၊ ဝက်သား (၅၀)ကျပ်သားလျှင် ၇၅၀၀ နှုန်းနှင့် ငါး၊ ပုဇွန်နှင့် ဟင်းသီးဟင်းရွက်များပါ ရောင်းချပေးခဲ့ကြောင်း သိရပြီး ဌာနဆိုင်ရာဝန်ထမ်းများ လာရောက်ဝယ်ယူခဲ့ကြသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)