နတ်တလင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အ.ထ.က (တာပွန်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

နတ်တလင်း အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက   အ.ထ.က (တာပွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (တာပွန်)ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်နှင့် Book Club အဖွဲ့ဥက္ကဋ္ဌ ဆရာဦးသန်းအောင်တို့မှ ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲ၌ GRADE-10(A) မှ မောင်ဇေထူးစံက "လူငယ်နှင့်မူးယစ်ဆေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-10(B)မှ မောင်စည်သူနောင်က "လူငယ်နှင့်ပညာခေတ်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ GRADE-10(A) မှ မရွှန်းလဲ့ဝေက" လူငယ်နှင့်မျိုးချစ်စိတ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊   GRADE-10(A) မှ မလင်းလက်ထွန်းက "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီးဆွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်နှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်အဖွဲ့ဝင်များ၊ ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း (၂၀၀)ခန့် တက်ရောက်ခဲ့ပြီး၊ ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)