နတ်မောက်မြို့နယ်တွင် တောင်သူများအား အထွက်နှုန်းကောင်းမွန်ရေး ဆင်းရွှေကြာ(၂) နေကြာ မျိုးကောင်း၊ မျိုးသန့်များ ထောက်ပံ့ပေး

နတ်မောက် အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းကောင်းမွန်ရေး နေကြာမျိုးကောင်းမျိုးသန့်များကို ယမန်နေ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်း စားသုံးဆီဖူလုံ၍  တောင်သူများ အထွက်နှုန်းတိုးပြီး တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရန်၊ စားရေရိက္ခာဖူလုံစေရန်၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပြီး တစ်ဧကပန်းတိုင်အထွက်နှုန်း ကောင်းမွန်စေရန် ရည်ရွယ်၍ တောင်သူများသို့ ဆင်းရွှေကြာ(၂) နေကြာမျိုးကောင်း၊ းမျိုးသန့်များ ထောက်ပံ့ပေးလျက်ရှိသည်။

ဒေသခံတောင်သူများ နေကြာသီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် သီးနှံစိုက်တောင်သူများနှင့်အတူ ပူးပေါင်းပြီး သွင်းအားစုနှင့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးကွင်းဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ချိုကပြောသည်။

မူမူစန်း