ကသာ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့တော်ခန်းမ၌ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သည့် ကျောင်းသူလေးများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသူအန်းက ယခု ထိုးနှံပေးသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြုထားသည့် ဆေးဖြစ်ကြောင်း၊ နိုင်ငံတော်မှအခမဲ့အစီအစဉ်ဖြင့် ကျောင်းအခြေပြု ထိုးနှံရာတွင်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း အခြေပြုထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံကြရန်၊ ကျန်ရှိနေသည့် အခြေခံပညာကျောင်းများကိုလည်း ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကသာခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက ကြည့်ရှု့အားပေးခဲ့ကြပြီး ကသာမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၉၄) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း (ကသာ)