ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က- မြို့မ)၌ လူငယ်စကားဝိုင်းကျင်းပ

ဇီးကုန်း အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင်အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်နှင့် လူအများရှေ့၌ ပြောဆိုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က- မြို့မ၌)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ GRADE-10 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သော မောင်ဆက်ကောင်းစံက "လူငယ်နှင့်စာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်ဖြိုးကျော်က "လူငယ်နှင့်ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထက်ရည်မွန်က" လူငယ်နှင့်နည်းပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမြတ်သက်ဆုက "လူငယ်နှင့်မူးယစ်ဆေး"ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဆွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)