မြဝတီမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝစေရေး နွားနို့တိုက်ကျွေး

မြဝတီ  အောက်တိုဘာ ၉

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ကျောင်းနေအရွယ်ကလေးသူငယ်များ အာဟာရဖွံ့ဖြိုုးပြီး  ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်  ရည်ရွယ်၍  နွားနို့တိုက်ကျွေးရေး  အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စောစိုးနေမြကျေးရွာ မူလတန်းလွန်ကျောင်းတွင် တိုက်ကျွေးပေးခဲ့သည်။

ဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင့်လွင်က နိုင်ငံတစ်ဝှမ်းကျောင်းနေအရွယ်ကလေးများအာဟာရပြည့်ဝသည့် ဖြည့်စွက်အစားအစာများ  တိုက်ကျွေးပေးရခြင်း အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင့်လွင်၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဝင်းအောင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များက ကျောင်းသား၊ ကျောင်းသူ ၇၀၀ ဦး တို့အား အာဟာရပြည့်ဝစေရန် နွားနို့ ၇၀၀  ဗူး၊ကြက်ဥ ၇၀၀ လုံးတို့ကို တစ်ဦးချင်းအလိုက် တိုက်ကျွေးပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီး ကိုယ်စား  ဆရာမ ဒေါ်အိအိထွေးက  ကျောင်းသား၊ ကျောင်းသူများ  အာဟာရပြည့်ဝစေရန် လာရောက်တိုက်ကျွေးပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)