ကယားပြည်နယ် ဝန်ကြီးချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၉

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၏  ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးအားကစားခန်းမအတွင်း အားကစားအထောက်အကူပြုပစ္စည်းများ အသုံးပြုပုံသရုပ်ပြနေမှုများ၊ အားကစားအထောက်အကူပြု စက်ပစ္စည်းများတပ်ဆင်ပြီးစီးမှုအခြေအနေအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ပစ္စည်းများအားစနစ်တကျ တပ်ဆင်နေရာချထားပြီး အမြန်ဆုံးဖွင့်လှစ်အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်ရန်၊  စက်ပစ္စည်းများအား အသုံးပြုသူများကလည်း စည်းကမ်းရှိစွာ အသုံးပြုကြစေရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေးအဆင့်အတန်းများ မြင့်မားလာစေရေးအတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သော လူငယ်များကိုပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေးအတွက် အားကစားကဏ္ဍကို ဘက်ပေါင်းစုံမှစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစားခန်းမအတွင်း ခေတ်နှင့်လျော်ညီသော အားကစားအထောက်အကူပြုပစ္စည်းများအား ပံ့ပိုးဖြည့်ဆည်းပေးပြီး  ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  လူငယ်မောင်မယ်များသာမက သက်ကြီးရွယ်အိုများကလည်း ကျန်းမာရေးအတွက် လာရောက်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါ ခန်းမအတွင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး အားကစားအထောက်အကူပြုပစ္စည်း(၂၆)မျိုးတို့ကို ဝယ်ယူတပ်ဆင် ပေးထားပြီးဖြစ်ကြောင်းသိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)