ဖြူးမြို့နယ်၌ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက်ကောင်းမျိုးများ ထောက်ပံ့

ဖြူး အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် နေကြာသီးနှံများအထွက်ကောင်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက သာဓုကန်‌ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာနှင့် မင်းကံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ဦးစောမင်းသူက တောင်သူများနှင့်တွေ့ဆုံ၍ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲနှင့်နေကြာသီးနှံများ မြေလွတ်မြေလပ်မကျန် စိုက်ပျိုးကြရေး၊ အထွက်ကောင်းမျိုးများနှင့် နည်းပညာဆိုင်ရာများအတွက် မေးမြန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက စိုက်နည်းစနစ်မှန်ကန်စေရေး၊ စိုက်ပျိုးချိန်နှင့်မြေအနေအထားများ၊ သွင်းအားစုများ အသုံးပြုပုံများကို အသိပညာပေးကြသည်။

ထို့နောက် တောင်သူများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အထွက်နှုန်းတိုးတက်ရေး စမ်းသပ်စိုက်ပျိုးနိုင်ရန် ဗီယက်နမ်မြေပဲမျိုး၊ မတ်ပဲမျိုးများဖြစ်သည့် TBL-9 နှင့် ရေဆင်း-၇ မျိုး၊ ဆင်းရွှေကြာ-၂ နေကြာမျိုးကောင်း၊ မျိုးသန့်များအား  တောင်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)