လွိုင်ကော် အောက်တိုဘာ ၉
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန် ၊ ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းသူများအခွန်လွတ်ဈေးသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းသို့လှည့်လည်ကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အခွန်လွတ်ဈေး၌ ရောင်းချလျက်ရှိသည့် ဆန်နှင့်ဆီများကို ပြင်ပဈေးနှုန်းနှင့် နေ့စဉ်ကာလပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့်ရောင်းချပေးစေလိုကြောင်း၊ သက်ဆိုင်ရာဌာနများက အခြေခံစားသောက်ကုန်များကို ဝယ်လိုအားနှင့်အညီ ထုတ်လုပ်ရောင်းချပေးစေလိုကြောင်း၊ ဒေသတွင်းထွက်ရှိသည့်သီးနှံများကို ဦးစားပေးရောင်းချကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခွန်လွတ်ဈေးအတွက်လိုအပ်သည်များကို ပံ့ပိုးကူညီးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါဈေးတွင် ကယားပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း ၊ ဆီလုပ်ငန်းရှင်များအသင်းတို့က ဒေသထွက်ဆန်များ၊ ဒေသထွက်စားသုံးဆီများကိုလည်းကောင်း၊ ကိုယ်တိုင်စိုက်/မွေး တောင်သူများ၏ ခြံထွက်သီးနှံများနှင့် ကြက်ဥ ၊ ဘဲဥ ၊ ငါးများကိုလည်းကောင်း ၊ ပြည်တွင်းစက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများကိုလည်းကောင်း၊ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက လာရောက်ဝယ်ယူအားပေးလျက်ရှိကြောင်းနှင့် ကိုယ်တိုင်ထုတ်၊ ကိုယ်တိုင်ရောင်းသူများ အခွန်လွတ်ဈေးတွင် အခြေခံစားသောက်ကုန်များကို နေ့စဉ် နံနက် ၆ နာရီအချိန်ခန့်မှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး မည်သူမဆိုလွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)