ထားဝယ် အောက်တိုဘာ ၉
ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့နံနက် ၁၀ နာရီအချိန်က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက ထားဝယ်မြို့၏ ရိုးရာ အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို စည်းကာသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကိုရှေးနှစ်ပေါင်းများစွာကတည်းက ကျင်းပပြုလုပ်သော ပွဲတော်ဖြစ်သလို ထားဝယ်ရိုးရာယဉ်ကျေးမှုကို ဖော်ဆောင်သော ရိုးရာသပိတ် မျှောပွဲတော်လည်းဖြစ်ကြောင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုပွဲတော်သည် ထားဝယ်မြို့နေပြည်သူတို့၏ အစဉ်အလာမပျက်ပြုလုပ်သော ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ရိုးရာ သပိတ်မျှောပွဲတော် အားစည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဒေသခံ ပြည်သူလူထုတို့ တက်ရောက်နိုင်ရေးအတွက် အသေးစိတ် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များက အခမ်းအနားကျင်းပရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်း ထုတ်ပြန်ရေး၊ ဧည့်ခံကျွေးမွေးရေးစသည့် လုပ်ငန်းကော်မတီများက ရှင်းလင်းတင်ပြကြရာ ထားဝယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)