လက်ပံတန်း အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးအတွက် မြေပဲအထွက်ကောင်းမျိုးသန့်မျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မိမိတို့ဒေသ၌ မြေပဲ၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလာမည့် ဆောင်းသီးနှံစိုက်ပျိုးရာတွင်ရည်မှန်းထားသော သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် မိမိတို့မြို့နယ် စိုက်ပျိုးကြီးကြပ်မှုကော်မတီအနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တက်ရောက်လာကြသည့် တောင်သူများအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အကောင်အထည်ဖော်စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရန်၊ စိုက်ချိန်နောက်မကျစေရန်၊ မြေပြုပြင်ရာတွင် စနစ်တကျပြုပြင်ပြီး သွင်းအားစုများ ထည့်သွင်းအသုံးပြုရန်လိုအပ်ကြောင်းပြောကြားပြီးနောက် တောင်သူများအား အထွက်ကောင်းဗီယက်နမ်မြေပဲမျိုးစေ့များနှင့် ရွှေကေသီကုမ္ပဏီမှ ရွှေပင်သန်သွင်းအားစုဓာမြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာဦးဉာဏ်မြင့်နှင့် ရွှေကေသီကုမ္ပဏီမှ တာဝန်ခံဦးဝင်းညွန့်တို့က ဆောင်းသီးနှံကန်ထရိုက်ပြုလုပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်တောင်သူများက ဆောင်းသီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သိလိုသည်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)