သာပေါင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)တွင် လူငယ်ရေးရာ ကျောင်းအခြေပြု နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ

သာပေါင်း အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ကျောင်းအခြေပြု နယ်လှည့်ဟောပြောပွဲကို အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က အောင်တပ်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း(အစုကြီး)ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်နှင်းသက်မာမှ ပညာရွှေအိုးလူမခိုး ခေါင်းစဉ်ဖြင့် အသိပညာပေး အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး(တာဝန်ခံ)ဒေါ် ချိုသဲမှ “လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်၊ “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းနေစဥ်ကာလအတွင်း အားကစားနှင့် ပညာရေး ပေါင်းစပ်ဆောင်ရွက်မှုဖြစ်သည့် ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ၊ နွေရာသီ အားကစားသင်တန်းများတွင် ပါဝင်၍ ကျန်းမာကြံ့ခိုင်အောင် တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် ငယ်စဥ်ကပင် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်သင့်ပါကြောင်း၊ အားကစားဆိုသည်မှာ အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုဖြစ်ကြောင်း၊ အားကစားနည်း (၄)မျိုးမှာ ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်း‌ဖြေအားကစား၊ လူထုအားကစား တို့ဖြစ်ကြောင်း၊‌ အလေ့အကျင့်တစ်ခုခုကို အမြဲမှန်မှန် လှုပ်ရှားကစားခြင်းသည် လေ့ကျင့်ခန်းဖြစ်ပြီး အားကစားအမျိုးမျိုးထဲမှ သဘာဝအကျဆုံးနှင့် အရိုးရှင်းဆုံး အားကစားလေ့ကျင့်ခန်းသည် “လမ်း‌လျှောက်ခြင်းဖြစ်ကြောင်းနှင့် အားကစားသိပ္ပံကျောင်း ဖွင့်လှစ်ထားရှိပြီး တတ်ရောက် သင်ကြားနိုင်ရေးအတွက် စိတ်ပါဝင်စားသော အားကစားသမားများ စိစစ်ရွေးချယ်ခေါ်ယူ၍ နွေရာသီ သင်တန်းသားများ ရရှိရေး၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေး၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာရေးတို့ကို ရည်ရွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဟောပြောပြီး၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက “လူငယ်နှင့်စာပေဖတ်ရှုရေးခေါင်းစဥ်ဖြင့် ဟောပြောရာ ရည်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းအားထုတ်ရာ၌ ကျောင်းစာတော်ရုံဖြင့် မလုံလောက်ဘဲ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် စာအုပ်စာပေများ ဖတ်ရှုဖို့လိုကြောင်း၊ စာပေသည်သာ အကောင်းဆုံးမိတ်ဆွေဖြစ်ပါကြောင်း၊ စာဖတ်သူတိုင်း တိုးတက်ကြ၍၊ တိုးတက်သူတိုင်း စာဖတ်ကြသည် စသည့် ဆောင်ပုဒ်များအတိုင်း စာပေဖတ်ရှုဖို့ လိုကြောင်းဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး(တာဝန်ခံ) ဒေါ်ချိုသဲမှ အားကစားအထောက်အကူပြုပစ္စည်း (ဘောလီဘော-၂ လုံး)တို့ကို အခြေခံပညာအလယ်တန်းကျောင်း (အစုကြီး)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသက်မာ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်