မြောင်းမြ အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မြဲစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီက စာရေးဆရာ အောင်သင်းနှင့် ကလောင်စုံ ရေးသားသည့် “လူငယ်နှင့်ဘဝတန်ဖိုး” စာအုပ်အား လူငယ်လူရွယ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Youth Club စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက ယနေ့ လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရေးအတွက် လစဉ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်ပြီး စာပေဆွေးနွေးပွဲ ကျင်းပဆောင်ရွက်နေမှုများနှင့် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိလာမည့် စာပေအကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် လူငယ်များအသင်း (Youth Club)နှင့် ပူးပေါင်းပြီး စာအုပ်တွင် ပါရှိသော စာပေ သိမှတ်ဖွယ်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြရာ ဦးထက်ဝေကျော် (စာရေးဆရာ လရောင်လင်း)က "လူတန်ဖိုးဟု ဆိုရာဝယ်"၊ ဦးကျော်ရဲအောင်က "လူငယ်နှင့်ဘဝတန်ဖိုး"၊ မဖူးပွင့်ခိုင်က "လူငယ်တန်ဘိုးလား"၊ မောင်ပြည့်စုံအောင်က "လူငယ်နှင့်ဘဝတန်ဖိုး" တို့ကို အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ လူငယ်များက ပြန်လည် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ စာပေအသိပညာ တိုးပွားစေရန်အတွက် ဖတ်ရှုလေ့လာသင့်သည့် သုတရသ စာအုပ်ကောင်းများကို ရွေးချယ်ကာ စာပေချစ်မြတ်နိုးသူလူငယ်များနှင့် စာဖတ်လိုသော လူငယ်များကို ဖိတ်ခေါ်၍ လစဉ် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုး စေရေးအတွက်ကိုလည်း အွန်လိုင်းစနစ်ဖြင့် ကဗျာရွတ်အစီအစဉ်၊ စာအုပ်မိတ်ဆက် အစီအစဉ်နှင့် ပုံပြင်ပြောခြင်း အစီအစဉ်များကို အပတ်စဉ် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ရူပါအေး