ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ် (ပထမအကြိမ်) ဒီပလိုမာအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ်ကျောင်းအုပ် ဧရာရွှေမြေဆရာတော် ဒေါက်တာအရှင်ဥတ္တမသိရီ သက်တော် (၅၀) နှစ်ပြည့် ရွှေရတုဝိဇာတမွေးနေ့မင်္ဂလာနှင့် ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ် (ပထမအကြိမ်) ဒီပလိုမာအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့နံနက် (၉) နာရီက အမှတ် (၁) ရပ်ကွက်၊ စကားဝါလမ်း၊ တောကျောင်းတိုက်၊ ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်ကြွရောက်လာသော သံဃာတော်များနှင့် တက်ရောက်လာသော ပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ကွမ်းခြံကုန်းဆရာတော်ဘဒ္ဒန္တဝိရောသူထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်ကြွရောက်လာသည့် ဆရာတော်များအား ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုး၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးနိုင်ဦးလှိုင်နှင့် ဌာနဆိုင်ရာများ၊ ပြည်သူများက လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချတရားတော်နာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒေးဒရဲနိကာယ်ဗုဒ္ဓကောလိပ် (ပထမအကြိမ်) ဒီပလိုမာအောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဥတ္တမသိရီ၊ မြို့နယ်သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ) ဘဒ္ဒန္တပညာစာရ၊ နန္ဒာအောင်မြေကျောင်း လိပ်ပြာကန်တိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တနိမလနှင့် သင်ကြား၊ စီမံဆရာတော်များက နိကာယ်ဒီပလိုမာ (၈) ပါး၊ အင်္ဂလိပ်စာဒီပလိုမာတန်းမှ ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၂၄) ဦးအား ဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း

ဒေးဒရဲ (ပြန်/ဆက်)