မန်းရွှေစက်တော်ဘုရားကြီးရှိ မျောက်တွေကိုဖမ်းပြီး ဘုရားနှင့်ဝေးရာ တောထဲကို ပြန်လွှတ်မည်

မင်းဘူး အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော် ဘုရားကြီးရှိ ရှေးဟောင်းသာသနိက အဆောက်အအုံတွေ မပျက်စီးစေဖို့နဲ့ ရေရှည်တည်တံ့ ခိုင်မြဲစေဖို့အတွက် ဘုရားကြီးက မျောက်တွေကိုဖမ်းပြီး ဘုရားနှင့်ဝေးရာ တောထဲသို့ ပြန်လွှတ်မည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“မန်းရွှေစက်တော်ဘုရားကြီးမှာရှိတဲ့ မျောက်တွေဟာ နှစ်စဉ်မျိုးပွားပြီးတော့ မျောက်အကောင် ရေများပြားလာတဲ့အတွက် ဘုရားပရဝုဏ်အတွင်းရှိ ဘုရားအဆောက်အအုံတွေနဲ့ အမိုးမျက်နှာကျက် တွေအပေါ်မှာ မျောက်တွေက ပြေးလွှား၊ ဆော့ကစားပြီး ကိုက်ဖြတ်ဖျတ်ဆီးမှုတွေ ပြုလုပ်တာကြောင့် လျှပ်စစ်မီးကြိုးတွေ၊ CCTV ကြိုးတွေနဲ့ ရှေးဟောင်းသာသနိက အဆောက်အအုံတွေ မပျက်စီးစေဖို့နဲ့ ရေရှည်တည်တံ့ခိုင်မြဲစေဖို့ အတွက် မြောက်အကောင်ရေ လျော့ချတဲ့အနေနဲ့ အခုလို ဘုရားနဲ့ဝေးရာ တောထဲကို ပြန်လွှတ်ဖို့ စီစဉ်ရတာပါ။ မျောက်တွေဖမ်းပြီး လွှတ်တဲ့အခါမှာ အကုန်လုံးကို ဖမ်းပြီးတော့ လွှတ်မှာမဟုတ်ဘဲ မျောက်တစ်ချို့ကတော့ သဘာဝအတိုင်း ဘုရားမှာအမြဲတမ်း ရှိနေမှာ ဖြစ်ပါတယ်” ဟု မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဌ ဦးဝင်းဌေး က ပြောသည်။

လက်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် မျောက်အကောင်ရေ ၃၀၀ နှင့် ၅၀၀ ကြားရှိပြီး မျောက်စာအနေဖြင့် ဘုရားပွဲတော်ချိန်၌ အလှူရှင်ပေါများပြီး ဘုရားဖူးများက ကျွေးမွေး လှူဒါန်းကြသော်လည်း ပွဲတော်ချိန်မဟုတ်သည့် ကာလများတွင် မျောက်စာကို လာရောက် ကျွေးမွေးလှူဒါန်းသူ ရှားပါကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)