ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်

ဘားအံ အောက်တိုဘာ ၈

၂၀၂၃ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ အမျိုးသမီးအသင်းလိုက်(၉)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲတို့တွင် ဆုရရှိသောအသင်းများက ပြန်လည်သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ပြိုင်ပွဲတွင်အားဖြည့်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ ဇနီးများက (၉)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲတို့တွင် ဆုရရှိကြသည့်အသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စုပေါင်းတံခွန်စိုက်ဆုရရှိသော ဘားအံမြို့နယ်အသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၅)သိန်းကျပ်တို့ကို ပေးအပ်ချီးမြှင့်ခဲသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး မြဝတီမြို့နယ်အသင်း၊ သံတောင်ကြီးမြို့နယ်အသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းတို့အား ဂုဏ်ပြုငွေကျပ်တစ်သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)